Tuesday, June 24, 2014

ရင်မှာပွင့်သော ဂန္တ၀င် ပန်းနွယ်သံစဉ်များ တကိုယ်ရေခံစားမှု ကဗျာရူခင်း စာအုပ် မန္တလေးတွင် မိတ်ဆက်



မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၃၅လမ်း၊ လမ်း၉၀ထောင့်ရှိ Simplicity တွင် ကဗျာဆရာ ပတ္တမြားမြေဆန်ဝေ(မန်းတောင်ခြေ)၏ ရင်မှာပွင့်သော ဂန္တ၀င် ပန်းနွယ်သံစဉ်များ တကိုယ်ရေခံစားမှု ကဗျာရူခင်း စာအုပ်မိတ်ဆက်ပွဲကို ဇွန်(၂၀)ရက် နံနက်(၉)နာရီက ကျင်းပခဲ့သည်။ စာအုပ်မိတ်ဆက်ပွဲတွင် ဆရာကြီး ဦးကိုလေး(အင်းဝဂုဏ်ရည်)၊ ဆရာ မောင်ကြည်သာ(တောင်တွင်း) နှင့် ဆရာ အနီမောင် တို့က မုဒိတာစကား ပြောခဲ့သည်။
          ‘‘ ရင်မှာပွင့်သော ဂန္တ၀င်ပန်းနွယ်သံစဉ် စာအုပ်က ဒုတိယမြောက် စာအုပ်ပါ၊ ပထမစာအုပ်က ၂၀၁၂ခုနှစ်က နတ်သမီးမေမေ သိပါစေ စာအုပ်နဲ့ စာပေလောကကို စ၀င်ခဲ့တာပါ၊ လက်ဖက်ရည်ကြမ်းက သောက်လေ၊ သောက်လေ၊ အာသာမပြေချင်၊ ဆေးဘက်လည်း ၀င် ဆိုသလို မိမိ၏ ကြိုးပမ်းမှု အနုပညာအားသည်လည်း စာဖတ်သူတို့အတွက် အကောင်းစား လက်ဖက်ရည်ကြမ်း တစ်ခွက်ပြီး တစ်ခွက် သောက်သုံးရသလို ထပ်တူရှိပါလိမ့်မည် ’’ ဟု စာရေးဆရာ ပတ္တမြားမြေဆန်ဝေ(မန်းတောင်ခြေ)က ပြောခဲ့သည်။
          ရင်မှာပွင့်သော ဂန္တ၀င်ပန်းနွယ်သံစဉ် တကိုယ်ရေခံစားမှု ကဗျာရူခင်း စာအုပ်တွင် မြန်မာ့လူ့အဖွဲ့အစည်းမှာ ကြုံတွေ့နေကြရတဲ့ လွှဲချော်မှုတွေကို လူမှုရေး၊ ယဉ်ကျေးမှု၊ ဓလေ့စရိုက်များအပြင် နိုင်ငံရေးအပေါ်ထားရှိတဲ့ ကဗျာစေတနာကို တွေ့ရှိရပြီး ကဗျာ (၈၇)ပုဒ် ပါဝင်မည်ဖြစ်သည်။ ကဗျာဖတ်ရှုသူတို့၏ နှလုံးသားတံခါးကို ဆံချည်မျှင်တစ်ပင် နှစ်ပင်ခန့်မျှ ဖွင့်ဟမိအောင် စွမ်းဆောင်နိုင်မည် စာအုပ်တစ်အုပ်ဖြစ်ပြီး မန္တလေးတွင် စာပေဖြန့်ချိရေးဆိုင်များတွင် တစ်အုပ် တစ်ထောင်ငါးရာကျပ်ဖြင့် ၀ယ်ယူရရှိနိုင်မည်ဖြစ်သည်။

No comments:

Post a Comment