Monday, June 23, 2014

ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ကျေးရွာ(၆)ရွာမှာ အတင်းအဓမ္မ သိမ်း တောရှင်းခိုင်း ဧက(၅၀၀၀)ကျော် သိမ်းဆည်းခံရခြင်းကြောင့် ထွန်းတုံးတိုက်ပွဲ ဆင်နွှဲ



 
          မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကျေးရွာ(၆)ရွာတွင် ဓားမဦးချ စိုက်ပျိုးခဲ့သည့် လယ်ယာမြေ ဧက(၅၀၀၀)ကျော်အား အတင်းအဓမ္မ သိမ်းဆည်းခံခဲ့ရ၍ မူလပိုင်ရှင် တောင်သူလယ်သမားများကို ပြန်လည်စိုက်ပျိုးခွင့်ရရှိရေး ထွန်းတုံးတိုက်ပွဲကို ဇွန်(၁၇)ရက် နံနက်(၈)နာရီက ဆင်နွှဲခဲ့ကြသည်။
          ‘‘ မန္တလေးတိုင်းဒေသကြီးအတွင်း ပထမအကြိမ် တိုင်းစစ်ဌာနချုပ် နှင့် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များမှ ပြန်လည်စွန့်လွှတ်ပေးရမည့်မြေများအား စစ်ထောက်ချုပ်ရုံး၏ (၁၆.၉.၂၀၁၃) ရက်စွဲပါ စာအမှတ် ၉၀၁/မသ/ထောက် ၅က ဖြင့်လည်းကောင်း၊ ဒုတိယအကြိမ် ပြန်လည်စွန့်လွှတ်ပေးရမည့်မြေများအား စစ်ထောက်ချုပ်ရုံး၏ (၁၁.၂.၂၀၁၄)ရက်စွဲပါ စာအမှတ် ၉၉၀/မသ/ထောက် ၅ကဖြင့်လည်းကောင်း ညွန့်ကြားခဲ့သည်။ အဆိုပါ မြေများအား သက်ဆိုင်ရာတောင်သူများသို့ အမြန်ပြန်လည်ပေးအပ်နှံနိုင်ရေး နှင့် စွန့်လွှတ်မြေယာဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်ရန် နှင့် စခန်း(လပခ) ဘက်စုံ(၁)မြို့နယ် မိုင်းမောတွင် သိမ်းယူထားသည့် မြေဧက(၅၅၇၂.၈၈)၊ မဖြစ်မနေ ပြန်လည်စွန့်လွှတ်ပေးသည့် မြေဧက ပထမအကြိမ် ဧက(၅၀၇.၉၀)၊  ကျန်မြေဧက (၃၅၉၅.၉၈) ’’ ဟု ၂၀၁၄ခုနှစ် မတ်(၇)ရက်နေ့ ရက်စွဲပါ စာအမှတ်(၃၀၀၀/ကမရ/ထောက် ၄ ခ)မှ ထုတ်နုတ်ဖော်ပြခြင်းဖြစ်သည်။
          ‘‘ ၁၉၇၆ခုနှစ်က အကျဉ်းဦးစီးက စသိမ်းခဲ့တာပါ၊ သိမ်းပြီး ရဲဖက်က ၀ါစိုက်တာ ၀ါစိုက်တာ(၃)နှစ်လောက်ကြာတယ်၊ နောက် ပိုးမနိုင်တာနဲ့၊ စိုက်ပျိုးရေး နှင့် မွေးမြူရေးကို လွှဲပေးလိုက်တယ်၊ စိုက်ပျိုးရေးက တောင်သူတွေကို သီးစား ပြန်ချပေးတယ်၊ တစ်နှစ်နေတော့ စစ်တပ်က ပြန်သိမ်းတယ်၊ သိမ်းပြီး သူတို့က တောင်သူလုပ်စားဖို့ တစ်နှစ်ပေးလုပ်တယ်၊ ပြီးတော့ ပြန်သိမ်းပြီး မြေရိုင်း တောထဲ နေရာတွေ ပေးတယ်၊ တောင်သူတွေက ပေးတဲ့ နေရာ သွားပြီး တောရှင်း ခုတ်ထွင်းရှင်းလင်း စိုက်ပျိုးရေးလုပ်နိုင်တဲ့ မြေနေရာ လုပ်ပြီး စိုက်ပျိုးနေချိန် စစ်တပ်က ဆက်သိမ်းတယ်၊ နောက်  တောထဲ ပြန်ပေးတယ်၊ အဲလို တောရှင်းခိုင်း မြေကောင်းအောင် အကုန်ရှင်းလင်းအောင် လုပ်ခိုင်း တစ်နှစ် တစ်နှစ်နဲ့ သိမ်းလာတာ၊ မြေအားလုံးကောင်းတော့ ရှင်းလင်းသွားတော့မှာ သူတို့ သိမ်းသွားတာ၊ တောင်သူတွေမှာ လုပ်စရာ မြေမရှိတော့ဘူး၊ သူတို့က လိုသလို တောရှင်းခိုင်း လုပ်စားသွားတာပါ၊ ပြန်ပေးတာ မရှိခဲ့ပါဘူး၊ စိုက်ပျိုးရေးလုပ်တုန်းက မြေခွန် ဆောင်ခဲ့ရပါတယ်၊ ဒီမှာ အဓိက ၀ါ စိုက်တာများတယ်၊ နှမ်း၊ စပါးလည်း စိုက်ကြပါတယ် ’’ ဟု ပေတောကျေးရွာမှ ဦးဘိုကေးက ပြောခဲ့သည်။
          ‘‘ သိမ်းခံရတုန်းက နစ်နာကြေးမပေးခဲ့ပါတယ်၊ သူတို့က ပေးရင်ပေး မပေးရင် ထောင်ချမယ်လို့ ပြောပြီး သိမ်းခဲ့တာပါ၊ အဲတုန်းက အားလုံး ကြောက်လန့်နေရတော့ ဘာမှ ပြန်မပြောရဲခဲ့ပါဘူး၊ လယ်ယာမြေ အသိမ်းခံရတဲ့ ရွာတွေက လွန်ကျော်၊ ပေတော၊ စမြောင်၊ အုန်းသျှစ်ကုန်း၊ ထားဝယ်အင်း၊ ပြည်လုံးအံ၊ ပြည်လုံးအေး၊ နန်းမှော်၊ မြေတောင်၊ ထီလှိုင်၊ မသဲ၊ သင်းထုံး စသည့် ကျေးရွာတွေ ပါဝင်ပါတယ်၊ ဧက(၆၀၀၀)လောက် အသိမ်းခံခဲ့ရတာပါ၊ တောင်ခြေနားမှာသာ လယ်မြေတွေ ရှိတာပါ၊ ကျန်နေရာတွင်က ယာမြေတွေပါ၊ ဘိုးဘွားစဉ်ဆက် ဓားမဦးချ လုပ်ငန်းလာကြတာပါ၊ အတင်းအဓမ္မ အနိုင်အထက်ပြုကျင့်ပြီး သိမ်းဆည်းခံခဲ့ရတာပါ၊ လယ်ပိုင်ယာပိုင် မြေပိုင်ဘ၀ကနေ လယ်မဲ့၊ ယာမဲ့၊ မြေမဲ့ဘ၀တွေကနေ တစ်နေ့လုပ် တစ်နေ့စားဘ၀တွေနဲ့ ကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ရတာပါ၊ မူလ လက်ရှိ လက်ငုတ် ပိုင်ရှင်တွေကို ပြန်လည်ထွန်ယက်စိုက်ပျိုးခွင့် ရရှိရေးအတွက် အခုလို ထွန်တုံးတိုက်ပွဲ လုပ်ရတာပါ၊  ’’
          ထွန်းတုံတိုက်ပွဲကို လွထွန်းတုံတိုက်ပွဲ ဆင်နွှဲရာတွင် လယ်ယာမြေ သိမ်းဆည်းခံ တောင်သူလယ်သမား (၅၀၀)ဦးခန့် ပါဝင်ခဲ့ပြီး ‘‘ တို့ဘိုးဘွားမြေ၊ တို့ပြန်ရရှိရေး၊ တို့မြေ တို့ပိုင်ရမည်၊ ဒါတို့ပြည် တို့မြေ တို့ပိုင်တဲ့မြေ၊ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး တို့အရေး ’’ စသည့် စာတန်းပါ ဆိုင်းဘုတ်များ ကိုင်ဆောင်၍ သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်လုပ်ကိုင်ခွင့် ရရှိရေး ဟစ်ကြွေးခဲ့ကြသည်။ သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်မရမချင်း ထွန်းတုံတိုက်ပွဲကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြန်လည်ထွန်းယက်စိုက်ပျိုးခွင့် ရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


No comments:

Post a Comment