မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်၊ ကက္ကိုစုကျေးရွာအုပ်စု၊ ကွင်းအမှတ်(၅၂၁)
ပလပ်စားကျက်မြေ ဒေသခံအချို့ နွားကျောင်းမှုကြောင့် တရားစွဲဆိုခံထားရမှုအပေါ် အမှန်တရားပေါ်ပေါက်ရေး
ဇွန်လမကုန်မီ မြစ်သားမြို့ တရားရုံးရှေ့တွင် ဒေသခံ (၁၅၀)ဦးက ဆန္ဒဖော်ထုတ်မည်။
ကွမ်းတောင်ကုန်းကျေးရွာရှိ ကွင်းအမှတ်(၅၂၁) နှင့် ပတ်သက်၍ ‘‘ မြစ်သားမြို့နယ်၊
ကက္ကိုစုကျေးရွာအုပ်စု၊ ကွင်းအမှတ်(၅၂၁) ပလပ်စားကျက်မြေ (၅.၃၃)ဧကသည့် မြေစာရင်းအရ ကွင်းအမှတ်(၅၂၁)၊
မြေကွက်နံပါတ်(၆၉)၊ ဧရိယာ(၅.၅၃)ဧက ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဦးသောင်းစိန် ငါးမွေးကန်လျောက်ထားစဉ်က
စိုက်ပျိုးမြေထဲတွင် (၀.၂၀)ဧက ပါဝင်နေသဖြင့် ဧရိယာ (၅.၃၃)ဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိရမှု
နှင့် ၎င်းမြေနေရာတွင် မြေစာရင်းမြေပုံစာရင်းအရ မစိုက်ပျိုးနိုင်သောမြေအဖြစ် သတ်မှတ်ထားကြောင်း
မြေစာရင်းဦးစီးဌာနမှ မြေရာဇ၀င်ပြန်ကြားမှုမှ သိရှိနိုင်ပါရန် ’’ ဟု ၂၀၁၄ မေ(၁၂)ရက်
ရက်စွဲပါ စာအမှတ် ၅/၄၃-၂၁၀/ဦး ၆ (၁၅၇၅) မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
ဦးသောင်းစိန်မှာ ဒေသခံ နွားကျောင်းအသက်မွေးဝမ်းကျောင်းလုပ်သူများအား
တရားစွဲဆိုရာတွင် ‘‘ မြစ်သားမြို့နယ်၊ ကုက္ကိုစုအုပ်စု၊ ကွမ်းတောင်းကုန်းကျေးရွာတွင်
ကျွန်တော်ပိုင်ဆိုင်သော ကွင်းအမှတ်(၅၂၁) ကွမ်းတောင်၊ ကွင်းဦးပိုင်အမှတ် (O/A) ဧရိယာ
(၅.၅၃)ဧကရှိပါသည်၊ (၅.၄.၂၀၁၄)ရက် နေ့လည်(၁၂)နာရီခန့်က ကွမ်းတောင်ကုန်းကျေးရွာနေသူများဖြစ်ကြသော
ကျော်ထွေး၊ မနွယ်၊ မမျိုးမျိုး၊ မောင်ဆန်းမင်းစိုး၊ မောင်ဝဏ္ကကျော်၊ မောင်ဂဲဂဲ တို့မှ
ကျွန်တော်ပိုင်မြေပေါ်တွင် နွားများလာရောက်ကျောင်းခဲ့သဖြင့် ကျွန်တော်စိုက်ပျိုးထားသော
သရက်ပင်များအနက် (၁၄/၁၅)ပင်ခန့်မှာ နွားများစားခဲ့၍ ပျက်စီးခဲ့ပါသည်၊ ၎င်းနေ့တွင်ပင် ဝေလင်း(ခ)ဦးမြင့်အောင်
မှာ ကျွန်တော် စိုက်ပျိုးထားသော သစ်ပင်များအား နှုတ်ပစ်ခြင်း၊ အဆောင်တဲအဖြစ် ဆောက်လုပ်ထားသော
(၃)ပင်၊ သက်ကယ်မိုး၊ အသားခင်းတဲအား ဖျက်ဆီးခဲ့ခြင်းတို့ ပြုလုပ်ခဲ့ပါသည် ’’ ဟု တရားရုံးသို့
လျှောက်ထားသည့် စာမှာ ထုတ်နုတ်ဖော်ပြခြင်းဖြစ်သည်။
ကွမ်းတောင်းကုန်ကျေးရွာမှ ရွာခံများ တရားစွဲဆိုခံထားရမှုအပေါ်
ဥပဒေဘက်တော်သားတစ်ဦးက ‘‘ ဦးသောင်းစိန်က ရွာခံတွေကို တိုင်တန်းရာမှ ရွာခံတွေရဲ့ အသက်ကို
ထည့်သွင်း တိုင်တန်းထားခြင်း မတွေ့ရပါဘူး၊
တရားစွဲဆိုခံထားရတဲ့ (၇)ဦးထဲမှာ အသက်မပြည့်သေးတဲ့ ကလေးတွေ ပါဝင်နေတာ တွေ့ရပါတယ်၊
(၇)ဦးလုံးကို ပုဒ်မ ၄၂၇ နဲ့ တရားစွဲဆိုထားတာတွေရပါတယ်၊ ’’ ဟု ပြောခဲ့သည်။
တရားစွဲဆိုခံထားရသူ မောင်ထက်နိုင်(ခ)ဂဲဂဲ
(၁၀)နှစ်က ‘‘ ဘာကြောင့် တရားစွဲဆိုခံထားရလဲ မသိပါဘူး၊ ကျွန်တော်ကြားသိရတာတော့ နွားကျောင်းလိုလို့
ကြားတယ်၊ ကျွန်တော် အမေကလည်း အဲဒီမှာပဲ နွားကျောင်းခဲ့တာပါ၊ အရင်ကတည်း နွားကျောင်းလာတော့
နွားတွေက သူတို့ စားနေကျနေရာကို သွားစားကြတော့ လိုက်ထိန်းရင် အဲနေရာကို ရောက်သွားတာပါ၊
ကျွန်တော်တို့ ရွာမှာလည်း အဲနေရာမှာ နွားမကျောင်းရင် နွားကျောင်းဖို့ နေရာမရှိတော့ပါဘူး၊
(၅.၄.၂၀၁၄)က ကျွန်တော်နဲ့ အခြားနွားကျောင်းတဲ့လူ(၅)ယောက်ရှိပါတယ်၊ နွားကျောင်းနေတုန်း
ကိုဇော်ဝင်းအောင် ရောက်လာပြီး ဒီနေရာမှာ နွားမကျောင်းရဘူး၊ ဒီအတိုင်းရပ်နေလို့ပြောတယ်၊
ကျွန်တော်တို့လည်း ဘာမှမဟုတ်တာမလုပ်တော့ ဒီအတိုင်းနေလိုက်ပါတယ်၊ နောက် သူက ကျွန်တော်တို့ဖက်
လှည့်ပြီး ပုဆိုးလှန်ပြန်တယ်၊ ကျွန်တော်နဲ့ နွားကျောင်းနေတဲ့ အမတွေကလည်း ကြောက်ကြောက်နဲ့
နွားတွေကို ရွာပြန်ကျောင်းသွားခဲ့ပါတယ် ’’ ဟု ပြောခဲ့သည်။
တရားစွဲဆိုခံထားရသူ မမျိုးမျိုး(၁၉)နှစ်က
‘‘ အဲနေရာမှာ နွားကျောင်းလာတာ တော်တော်ကြာပါပြီး ရွာက စားကျက်မှာ ကျောင်းလို့ တရားစွဲဆိုခံထားရတယ်
ကြားပါတယ်၊ ကျွန်မတို့ ရဲစခန်းတို့၊ တရားရုံးတို့လို နေရာတွင်ကို တစ်ခါမှမရောက်ဖူးပါဘူး၊
မကြားဖူးပါဘူး၊ အဲနေက ဇော်ဝင်းအောင်က ရောက်လာပြီး ဘယ်မှမသွားရဘူးဆိုပြီး ရပ်နေထိုင်နေခိုင်းတယ်၊
ဒီနေရာက နွားမကျောင်းရတာမသိဘူးလားပြောပြီး၊ ဖုန်းနဲ့ ဓာတ်ပုံရိုက်ပြီး တိုင်လိုက်တာပါ၊
သူက ရခိုင်ကြီးတိုက် ဖက်က ရဲစခန်းက ဒုတပ်ကြပ်ပါ၊ သူအဖေက ဦးသောင်းစိန်(လ/ထ ဦးစီးမှူး၊
ငါးလုပ်ငန်းဦးစီးဌာန)မှ လုပ်တယ်လို့ သိရပါတယ်၊ ကျွန်မတို့ ကျေးရွာက ရဲ ဆို အရမ်းကြောက်ကြတယ်၊
နောက်သူက ကျွန်မတို့ဖက်ကို လှည့်ပြီး ပုဆိုးလှန်ပြတယ်၊ ကျွန်မတို့လည်း ရှက်ရှက်ကြောက်ကြောက်နဲ့
နွားကျောင်း ရွာပြန်ခဲ့ရတယ်၊ နောက်နေ့ နွားကျောင်းလို့ တရားစွဲဆိုခံလိုက်ရတယ်ဆိုတာ
သိရတာပါ၊ ဘာအပြစ်တွေရှိလည်း တရားစွဲလည်း ဆိုတာမသိပါဘူး ’’ ဟု ပြောခဲ့သည်။
ကွမ်းတောင်ကုန်းကျေးရွာ ဒေသခံတစ်ဦးက ‘‘
ဦးသောင်းစိန်ကို ကျွန်တော်တို့ ရွာအုပ်ချုပ်ရေးမှူးက ပထမ နှုတ်နဲ့ သတိပေးတယ်၊ ဒုတိယ
စာနဲ့ တားတယ်၊ တတိယအကြိမ်လည်း စာပို့ သတိပေး တားမြစ်တယ်၊ သူက တန်ခူးလမှာ ကျောက်တွေလာချတယ်၊
နောက်တရားစွဲဆိုပြီး ခြံစည်းရိုးလာခတ်တယ်၊ အဲနေရာက ရွာက နွားတွေ ကျောင်းတဲ့ စားကျက်မြေပါ၊
အရင် ဘိုးဘွားတွေ လက်ထက်ကတည်းက စိုက်ပျိုးမရတဲ့ ပလပ်စားကျက်မြေပါ၊ ရွာက ကလေးတွေကို
အကြောင်းမဲ့ အခုလို တရားစွဲဆိုခံထားရပါ၊ ဦးသောင်းစိန် ပိုင်တာက (၀.၂၀)ဧကပဲရှိပါတယ်၊
ကျန်တဲ့ (၅.၃၃)ဧကက ကျေးရွာ စားကျက်မြေပါ၊ ဒီဒေသက စိုက်ပျိုးရေးလည်း လုပ်ပါတယ်၊ စိုက်ပျိုးရေးမကောင်းရင်
မွေးမြူရေးနဲ့ အသက်မွေးနေရတာပါ၊ တစ်နိုင်တပိုင်နွားမွေးတယ်၊ နွားကျောင်းစားနေရတဲ့ သူတွေလည်းရှိပါတယ်၊
ကျွန်တော်တို့ ရွာကတော့ ရွာက ကလေးတွေ ပြန်လည်လွတ်မြောက်ရေး၊ အမှန်တရားပေါ်ပေါက်ရေး နဲ့
စားကျက်မြေကို ရွာအတွက် ပြန်လည် အသုံးပြုနိုင်စေလိုပါတယ် ’’ ဟု ပြောခဲ့သည်။
ဒေသခံ(၇)ဦးအား တရားစွဲဆိုထားမှု နှင့် မြေပိုင်ဆိုင်မှု
နှင့်ပတ်သက်၍ ဦးသောင်းစိန်က ‘‘ ကက္ကိုစုကျေးရွာအုပ်စု၊ ကွင်းအမှတ်(၅၂၁) ပလပ်စားကျက်မြေ
ဧက(၅.၅၃)ဧကမှာ ကျွန်တော်က ဧက(၀.၂၀)ပါပါတယ်၊ ၁၉၉၅ခုနှစ်က ငါးလုပ်ငန်းဦးစီးဌာနက ငါးမွေးမြူဖို့
ကျွန်တော်ကို ပုံစံ(၁၀၅)နဲ့ ချထားပေးထားတာပါ၊ ဒီမြေကို ရရှိဖို့ ဆက်လက်ဆောင်ရွက်သွားမှာပါ ’’ ဟု ပြောခဲ့သည်။
'' ကျွန်တော်တို့ရွာက ကလေးတွေ ရွာနွားစားကျက်မှာ
နွားကျောင်းတာကို တရားစွဲခံရတာ၊ အဖြစ်မှန် ပေါ်ပေါက်စေခြင်းတာပါ၊ ကလေးတွေ အနာဂတ်အတွက်
အခုလို လုပ်ရတာပါ၊ တရားစွဲဆိုခံထားရတဲ့ သူတွေထဲမှာ ကျောင်းတက်နေတဲ့ အရွယ်မရောက်သေးတယ်
ကလေးတွေလည်း ပါပါတယ်၊ သေချာ စိစစ်စေလိုပါတယ်၊ ရွာမှ စိုက်ပျိုးရေးမအောင်မြင်တော့ မွေးမြူရေးလုပ်ကြရတယ်၊
ဒီစားကျက်မြေက ဟိုအရင် အရင်ကတည်းက နွားကျောင်းလာကြတာ၊ နွားကျောင်းအသက်မွေးဝမ်းကျောင်းမလုပ်ရင်
အခြားလုပ်ကိုင်ဖို့ မရှိတော့ပါဘူး၊ သက်ဆိုင်ရာကို အကြောင်းကြားမယ် စာတင်မယ်၊ ပြီးရင်
မြစ်သားမြို့ တရားရုံးရှေ့မှာ ဒီလမကုန်မီ ဆန္ဒဖော်ထုတ်သွားမှာပါ '' ဟု ကက္ကိုစုကျေးရွာမှ
ဒေသခံတစ်ဦးက ပြောခဲ့သည်။
No comments:
Post a Comment