Thursday, July 3, 2014

ပဋိပက္ခဖြစ်ပွားခဲ့သည့်ကိစ္စ မန္တလေးသံဃာတော်များမှ ပါဝင်ပတ်သက်ခဲ့ခြင်းမရှိ



          မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ဓမ္မိကာရာမတိုက် ငွေငါးကျောင်းတိုက်အပေါ်ထပ်တွင် ဂျူလိုင်(၂)ရက် နေ့လည်(၂)နာရီက မန္တလေးမြို့တွင် ပဋိပက္ခဖြစ်ပွားခဲ့သည့်ကိစ္စတွင် အထက်မြန်မာပြည် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃသမဂ္ဂအဖွဲ့ချုပ်(မန္တလေး)မှ ပါဝင်ပတ်သက်ခဲ့ခြင်းမရှိကြောင့် စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
          ‘‘ ညက အာဏာပိုင်တွေ ဆောင်ရွက်ခဲ့တဲ့ ကိစ္စက လိုအပ်ချက်ရှိနေသေးတယ်၊ အာဏာပိုင်တွေဖက်က ၀ိရောဓိမဖြစ်အောင် ချိန်ဆ လုပ်ဆောင်သွားတယ် ထင်ပါတယ်၊ လူအများ စိတ်ချမ်းသာဖို့ တစ်ညလုံး စိုးရိမ်နေရမှု ဖြေလျော့ပေးနိုင်ဖို့ ဆောင်ရွက်ဖို့ လိုပါတယ်၊ ဘာသာရေးကို နိုင်ငံရေးလက်နက်တစ်ခုအဖြစ် လုပ်ဆောင်နေတာ တွေ့နေရပါတယ်၊ မှန်ကန်ဖြောင့်မတ်ဖို့ ယုံကြည်ဖို့ လိုပါတယ်၊ လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ယုံကြည်မှုနည်းပါးပြီး သံသယစိတ်များနေလို့ ငြိမ်းချမ်းရေးရဖို့ လိုအပ်ချက်တွေရှိနေပါသေးတယ်၊ ညက လုံခြုံရေးအင်အားက ရပ်ကြည့်နေတာ တွေ့ရှိရပါတယ်၊ အာမခံချက်ရှိဖို့ တရားဥပဒေစိုးမိုးဖို့ လိုပါတယ် ’’ ဟု ဂျူလိုင်(၁)ရက် ညပိုင်းက ဖြစ်ပွားခဲ့မှုအပေါ် မန္တလေးသံဃာတော်များမှ ပါဝင်ပတ်သက်ခဲ့မှုမရှိကြောင်း ဂဠုန်နီဆရာတော်က သတင်းစာဆရာများအား မိန့်ကြားခဲ့သည်။
          ‘‘ ဦးဇင်းတို့က ၀င်ရောက် ဖြေရှင်းပေးတာပါ၊ တစ်ယောက်တစ်မျိုး လုပ်နေရင်တော့ မကောင်းဘူးပေါ့၊ ဦးဇင်းတို့ စကားနားထောင်ရင် အေးချမ်းမယ်၊ စကားနားမထောင်ရင် မအေးချမ်းနိုင်ဘူး၊ လူသားအားလုံး ဒုက္ခရောက်မှ မလိုလားလို့ အားလုံးအေးချမ်းအောင် လာရောက် စောင့်ရှောက်ကာကွယ်ပေးခဲ့တာပါ၊ မီးရှို့မှု လူသတ်မှုတွေမဖြစ်တော့အောင် အခြေအနေထိန်းသိမ်းဖို့ ဘာသာပေါင်းစုံအဖွဲ့တွေနဲ့ ပူးပေါင်း အန္တရာယ်မဖြစ်အောင် ဖြေရှင်းကာကွယ်ပေးနေတာပါ ’’ ဟု အထက်မြန်မာပြည် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃသမဂ္ဂအဖွဲ့ချုပ်(မန္တလေး)ရှိ ဆရာတော် တစ်ပါးက မိန့်ခဲ့သည်။
          ‘‘ ပဋိပက္ခဖြစ်ရင် မရရအောင် ဖြေရှင်းသွားမှာပါ၊ အာဏာပိုင်တွေနဲ့ ပူးပေါင်းဖို့ လိုအပ်ရင် ဖြေရှင်းသင့်ရင် ငြိမ်းချမ်းမှု အေးချမ်းမှု ပြည်သူတွေ စိုးရိမ်စိတ်မဖြစ်ဖို့ လိုအပ်သလို လုပ်သွားမှာပါ၊ ပဋိပက္ခက ဘယ်အချိန်ဖြစ်မယ်၊ ဘယ်လိုဖြစ်မယ်၊ ကြိုသိဖို့ ကြိုမြင်ဖို့ မဖြစ်နိုင်ဘူး၊ တစ်ဦးက စည်းကမ်းဖောက်ရင် ပြည်သူအားလုံး ထိခိုက်နိုင်တယ်၊ လူကို လူလိုမြင်ပြီး ကိုယ်နှုတ် စည်းစောင့်ဖို့နဲ့ ချစ်ခင်စွာ နေထိုင်ဖို့ လိုပါတယ်၊ ပဋိပက္ခဖြစ်ပွားရာမှာ လှုံဆော်ရေးလုပ်တဲ့သူတွေကို ဦးဇင်းတို့က ဆွဲထုတ်လို့ မရဘူး၊ ဦးဇင်းတို့က ဆုံးမဖို့ မေတ္တာရပ်ခံဖို့ပဲ တတ်နိုင်တယ်၊ ဆွဲထုတ်ဖို့က အာဏာပိုင်တွေမှာ တာဝန်ရှိတာပါ၊ သူတို့တွေက ထိရောက်စွာ ၀င်ရောက်ဖြေရှင်းပေးခြင်းမရှိခဲ့ပါဘူး၊ ဒီလို ပြဿနာတွေဖြစ်လာတာ တရားဥပဒေ စိုးမိုးမှု ပျက်စီးနေလို့ဖြစ်တယ်၊ အဓိကလိုအပ်တာက ဒီပြဿနာမပေါ်ဖို့ တရားဥပဒေ စိုးမိုးဖို့လိုတယ်၊ လူအခွင့်အရေး အပြည့်အဝေရရှိဖို့၊ လူတိုင်း အကောင်းနဲ့ ကြည့်ရင် အကောင်း၊ အဆိုးနဲ့ ကြည့်ရင် အဆိုး အမြင်ပဲ မြင်မှာပဲ၊ လူအားလုံးနဲ့ ထပ်တူကျဖို့ ရာခိုင်နှုန်းပြည့်မဖြစ်နိုင်ဘူး ’’ ဟု ဂဠုန်နီဆရာတော်က မိန့်ခဲ့သည်။

No comments:

Post a Comment