Wednesday, July 16, 2014

အိမ်တော်ရာဘုရားကြီးအတွင်း ဆိုင်ခန်းလခများ တိုးမြှင့်ကောက်ခံခြင်း ကျေနပ်မှုမရှိ၍ ဆိုင်ခန်းပိုင်ရှင်များက စာနယ်ဇင်း ရှင်းလင်း


        မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ မဟာလောကရံသီ အိမ်တော်ရာစေတီတော်မြတ်၏ စောင်းတန်းလေးသွယ်ရှိ ဆိုင်ခန်းခများအား ဂေါပကအဖွဲ့က ယခင်နှစ်ထက် တိုးမြှင့် ကောက်ခံမှုအပေါ် နိဗ္မာန်ကုန်ရောင်းချနေသူများက ကျေနပ်မှုမရှိ၍ သတင်းစာရှင်းလင်းပွဲကို ဇူလိုင်(၁၆)ရက် နေ့လည်(၂)နာရီက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၇၈လမ်း မင်းသီဟအပေါ်ထပ်တွင် ပြုလုပ်ခဲ့သည်။
  ‘‘ အိမ်တော်ရာဘုရား စောင်းတန်းက ဆိုင်ခန်းတွေကို ယခင်က တစ်ခန်းကို တစ်သောင်းကျပ်နှုန်း ကောက်ခဲ့ရာ ယခု သုံးသောင်းကျပ်နှုန်း ကောက်တာပါ၊ ယာဉ်ရပ်နားစခန်းအနီးရှိ ဆိုင်ခန်းတွေကို ယခင်က ငါးထောင်ကျပ်နှုန်းကောက်ခဲ့ရာ ယခု တစ်သောင်းခွဲနှုန်း စသည့်ဖြင့် တိုးမြှင့်ကောက်ခဲ့သွားမည်ဖြစ်ကြောင်း ဆိုင်ခန်းပိုင်ရှင်တွေကို အကြောင်းကြားစာ ပေးပို့ခဲ့ပေမယ့် စေတီတော်၏ သြ၀ါဒစရိယဆရာတော်ကြီးများထံမှ သြ၀ါဒခံယူခဲ့ခြင်းမရှိခဲ့ပါဘူး၊ ဒီကိစ္စနဲ့ပတ်သက်၍ သက်ဆိုင်ရာကို အသနားခံစာတင်ထားပါတယ် ’’ ဟု ဈေးဆိုင်ခန်းပိုင်ရှင် ဦးသိန်ဆွေက ဂေါပကအဖွဲ့မှ ဆိုင်ခန်းလခ တိုးမြှင့်ကောက်ခံမှုအပေါ် ကျေနပ်မှုမရှိခြင်းကို ပြောခဲ့သည်။
မဟာလောကရံသီ အိမ်တော်ရာစေတီတော်မြတ်ကြီးတွင် စောင်းတန်းလေးသွယ်၌ ဆိုင်ခန်းပေါင်း(၇၀)ကျော် ရှိသည်ရာ စောင်းတန်းလေးသွယ်ရှိ ဆိုင်ခန်းများမှ
ဒုတိယကမ္ဘာစစ်မဖြစ်မီ စစ်ကြိုခတ်ကတည်းက ကိုယ်ထူကိုယ်ထဆောက်လုပ်ခဲ့သော
ဆိုင်ခန်းများ ပါဝင်လျက်ရှိသည်။
‘‘ (၂၀၀၈)ခုနှစ် ဇန်န၀ါရီလကစတင်၍ လစဉ်ဆိုင်ခန်းလခများအပြင် လျှပ်စစ်မီတာခ တစ်ယူနစ် ၅၀ကျပ်နှုန်း၊ ရေချိုးခ ရေချိုးသက်သက်တစ်ဦးလျှင် ၁၀၀ကျပ်နှုန်း
ပေးဆောင်ရပါတယ်၊ ဆိုင်ခန်းရဲ့ (၁)လ ကုန်ကျစရိတ်မှာ များပြားပါတယ်၊ နောက်တိုးချဲ့ထားသည့်ဆိုင်ခန်း လေးခန်း မပါ စောင်းတန်းလေးသွယ်ရှိ ဆိုင်ခန်းတွေက
ဒုတိယကမ္ဘာစစ်မဖြစ်မီ စစ်ကြိုခေတ်ကတည်းက ရှိခဲ့တဲ့ ဆိုင်ခန်းတွေပါ၊ ဂေါပကအဆက်ဆက် ရောင်းချခဲ့တဲ့ ဆိုင်ခန်းများဖြစ်ပါတယ်၊ ဆိုင်ခန်းငှားရမ်းနေထိုင်ကြသူများ မဟုတ်ကြပါဘူး၊ မြေငှားရမ်းခအဖြစ်သာ ဘုရားဘဏ္ဍာငွေအဖြစ် ပေးဆောင်ကြခြင်းဖြစ်ပါတယ် ’’ ဟု သင်္ကန်ပရိက္ခရောင်းဝယ်ရေးလုပ်ငန်းမှ ဆိုင်ရှင်တစ်ဦးက ပြောခဲ့သည်။
အိမ်တော်ရာစေတီတော်၏ စောင်းတန်းလေးသွယ်ရှိ ဈေးဆိုင်ခန်းများကို မြောက်စောင်းတန်းကို (၁၉၇၁)ခုနှစ်တွင် လည်းကောင်း၊ အရှေ့စောင်းတန်းကို (၁၉၇၅)ခုနှစ်တွင် လည်းကောင်း၊ တောင်စောင်းတန်းကို (၁၉၉၉)ခုနှစ်တွင်လည်းကောင်း၊ အနောက်စောင်းတန်း
ဒေါ်မြရီ ဇရပ်ဘေးရှိ ဆိုင်ခန်းများကို (၂၀၁၄)ခုနှစ်တွင်လည်းကောင်း တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
‘‘ ဂေါပကအဖွဲ့က ကောက်ခံတဲ့ နှုန်းထားက မများပါဘူး၊ လမ်းဘေးဈေးသည်တွေ သူများအိမ်ရှေ့ထွက် ဈေးရောင်းရင် တစ်လကို အနည်းဆုံး သုံး၊ လေးသောင်းပေးရတယ်၊ သူတို့အနေနဲ့ ဆိုင်ခန်းသက်သက်နေတာ မဟုတ်ဘူး၊ ဘုရားဝင်းအတွင်းကို အိမ်လိုနေထိုင်နေကြတယ်၊ ဆိုင်ခန်း ထက်ခိုးတွေလုပ်ပြီး နေကြတယ်၊ လင်မယားတွေလည်း ပါတယ်၊ ဈေးဆိုင်ခန်းတွေမှ ဈေးရောင်းပြီး တခြားမှ နေထိုင်သင့်တာပါ၊ အခုတောင်းတဲ့ နှုန်းက အိမ်လခလောက်တောင် မရှိပါဘူး ’’ ဟု မဟာလောကရံသီ အိမ်တော်ရာဘုရား ဂေါပကအဖွဲ့မှ ဦးချစ်ထွန်းက ပြောခဲ့သည်။

No comments:

Post a Comment