‘‘ မြစ်သားတရားရုံးသာမက တစ်နိုင်ငံလုံးမှာ တရားဥပဒေစိုးမိုးဖို့၊
တရားစီရင်ရေးမဏ္ဍိုင် ယိမ်ယိုင်နေလို့ အမြန်ဆုံးတည့်မတ်စေလိုတာပါ၊ အာမခံပေးချင်မပေးချင်ဟာ
တရားသူကြီးအပေါ် မူတည်တာလား၊ ဥပဒေနဲ့ ပြဋ္ဌာန်းထားတာလား သိချင်လို့ လုပ်တာပါ၊ နိုင်ငံသားတိုင်း
ဥပဒေရဲ့ အကာအကွယ်ကို တန်းတူရရှိရမယ်ဆိုသော်လည်း ယခုထိ တန်းတူရရှိခြင်း မတွေ့ရှိရသေးပါဘူး၊
ပြည်ထောင်စုအစိုးရအနေနဲ့ ရင်းနှီးမြုပ်နှံမှုမှာ ဥပမာ ဆည်တစ်ခု တည်ဆောက်တာ၊ ဆည် ကျန်ခဲ့ပေမယ်
ကြားထဲမှာ အဂတိလိုက်စားမှုတွေရှိနေပါတယ်၊ အဂတိလိုက်စားတဲ့ ၀န်ထမ်းတွေကို သက်ဆိုင်ရာကို
တိုင်ကြားတာ အရေးယူဆောင်ရွက်ခြင်းမရှိခဲ့ပါဘူး၊ အသားကျနေတဲ့ စနစ်ကို ကျင့်သုံးနေဆဲ
ဖြစ်ပါတယ် ’’ ဟု တကိုယ်တော်ဆန္ဒဖော်ထုတ်သူ ကိုထွန်းနိုင်ဝင်းက
ပြောခဲ့သည်။
ဆန္ဒထုတ်ဖော်ရာတွင် ‘‘ တရားဥပဒေစိုးမိုးရေး …….. ဒို့အရေး၊ တရားစီရင်ရေးမဏ္ဍိုင်အမြန်ဆုံးတည့်မတ်ရေး
……. ဒို့အရေး၊ ပြည်သူ့အသံနားထောင်ပေးရေး ……. ဒို့အရေး၊ ဥပဒေ၏ ခံစားခွင့် နှင့် အကာအကွယ်တန်းတူရရှိရေး
…… ဒို့အရေး၊ အဂတိလိုက်စားသည့် ၀န်ထမ်းများအား ထိရောက်စွာအရေးယူပေးရေး ……. ဒို့အရေး၊
ပြည်သူပါဝင်နိုင်သည့် ရင်းနှီးမြုပ်နှံမှုဖြစ်ပေါ်ရေး …….. ဒို့အရေး၊ လွတ်လပ်စွာ အသင်းအဖွဲ့
ဖွဲ့စည်းဆောင်ရွက်ခွင့်ရရေး …… ဒို့အရေး ’’ ဟု ကြွေးကြော် ဆန္ဒဖော်ထုတ်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး
နှင့် တရားရုံးကြား၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ မြစ်သားမြို့နယ် ရဲစခန်းရှေ့တွင် ဂျူလိုင်(၁)ရက်
နံနက်(၁၀)နာရီခွဲက တရားရေးမဏ္ဍိုင်ယိမ်ယိုင်နေမှု အမြန်ဆုံးတည့်မတ်ရေး၊ အဂတိလိုက်စားမှု
ထိရောက်စွာ အရေးယူပေးရေး၊ အကျင့်ပျက် ခြစားမှုများ တိုက်ဖျက်ရေးအတွက် လူအခွင့်အရေးလှုပ်ရှားမှုအဖွဲ့(မြန်မာ)မှ
ဒေသခံတစ်ဦးက တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
တရားဥပဒေစိုးမိုးမှုနဲ့ပတ်သက်၍ ‘‘ ဟိုတလောက ကျောက်ဆည်မြို့မှ ခိုးမှုလိုက်စုံစမ်းနေတဲ့
မြစ်သားမြို့နယ်က ရဲတပ်သားတစ်ဦးကို လူတစ်ယောက်က ဓားနဲ့ဝင်ခုတ်တာ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်၊
ယင်းကိစ္စ နဲ့ ပတ်သက်လို့ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သားကို ဓားနဲ့ ၀င်ခုတ်တဲ့ လူကို
ထောင်ဒဏ်တစ်လ နဲ့ ငွေဒဏ် ငါးသောင်းကျပ် ချမှတ်ပြီး၊ အပေါင်းအပါ နှစ်ဦးကို တစ်ဦးလျှင်
တစ်သောင်းကျပ်နှုန်း ချမှတ်ခဲ့တယ်၊ အလားတူ ကျောက်ဆည်ခရိုင်အတွင်း ရွာတစ်ရွာမှာ ရွာသားချင်း
ရန်ဖြစ်တာ ပြင်းထန်ဒဏ်ရာရရှိခဲ့မှုကြောင့် တရားစီရင်မှုတွင် တစ်ဦးကို ထောင်ဒဏ် ၇နှစ်စီ
ချမှတ်ခဲ့တယ်၊ တရားစီရင်ရေးမဏ္ဍိုင်ကို ဘယ်လိုယုံကြည်မရလဲ၊ ဘယ်လိုအားကိုးရမလဲ၊ တရားစီရင်ရေး
ညီမျှမှု မရှိတော့ပါဘူး၊ လုံခြုံရေးတာဝန်ပေးမှု နည်းပါးနေကြောင်း ’’ ဟု မြစ်သားမြို့နယ်မှ
ဒေသခံတစ်ဦးက ပြောခဲ့သည်။
No comments:
Post a Comment