Friday, July 4, 2014

မန္တလေးတွင် ပဋိပက္ခဖြစ်ပွားခဲ့သည့် ကိစ္စ နှင့် ဈေးချိုတွင် ဖြစ်ခဲ့သည့် မသင်္ကာဖွယ် ပုံးတွေ့ရှိမှု မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးတွင် သတင်းစာရှင်းလင်း


          မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၆၆လမ်း၊ ၃၀လမ်း နှင့် ၃၁လမ်းကြားရှိ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတွင် ဂျူလိုင်(၂)ရက် နံနက်(၉)နာရီက ၂၀၁၄ခုနှစ် ဂျူလိုင်(၁)ရက်နေ့ ညတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နဲ့ပတ်သက်၍ စာနယ်ဇင်းရှင်းလင်းပွဲကို ကျင်းပခဲ့သည်။
          ဖြစ်စဉ်မှာ ‘‘ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံအရှေ့ရပ်ကွက်၊ (၂၆x၂၇)လမ်းကြား၊ (၈၁x၈၂)လမ်းကြား လေလာဝန်းတွင်းရှိ နေပြည်တော် မြို့မရဲစခန်း(ပျဉ်းမနား) (ပ)၂၉၃/၂၀၁၄ ပြစ်မှုပုဒ်မ ၃၇၆ အမှုမှ တရားခံ နေ၀င်း၏ ပထမဇနီးဖြစ်သူ နေထိုင်ရာ နေအိမ်သို့ ၂၀၁၄ခုနှစ် ဇွန်(၃၀)ရက် ည(၁၀)နာရီ (၄၅)မိနစ်က မြို့မရဲစခန်းမှူး(ပျဉ်းမနား)မှ ဒုရဲမှူး မျိုးသန်းဦးနှင့်အဖွဲ့၊ မန္တလေးခရိုင်(မှု/ကူ)မှ ရဲအုပ် ဗိုလ်ဗိုလ်အောင်နှင့်အဖွဲ့၊ မြို့မရဲစခန်း(ချမ်းအေးသာစံ)မှ နယ်ထိန်း ဒုရဲအုပ် နေဇာဦးနှင့်အဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ၀င်ရောက်ရှာဖွေခဲ့ကြသည်။
          အဆိုပါ နေအိမ်တွင် တရားခံ နေ၀င်း(၃၈)နှစ်(ဘ)ဦးမောင်မောင်ကြီး၊ (၁၈x၁၉)လမ်းကြား၊ (၈၀x၈၁)လမ်းကြား၊ အောင်မြေသာစံမြို့နယ် နှင့်အတူနေ ညီဖြစ်သူ ဆန်းမောင်(၃၅)နှစ်တို့အား ရှာဖွေတွေ့ရှိခြင်းမရှိကြောင်း၊ စစ်ဆေးတွေ့ရှိရပြီး ၎င်းလာရောက်နေထိုင်ပါက ရဲစခန်းသို့ ဆက်သွယ်အကြောင်းကြားရန် ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် အကွက်မှူးတို့အားမှာ ကြားထားရှိကြောင်း သိရသည်။
          ဆက်လက်၍ ဖြစ်စဉ်နှင့်ပတ်သက်၍ ၂၀၁၄ ဇူလိုင်(၁)ရက် ညနေ(၇)နာရီက တရားခံ နေ၀င်း ဖွင့်လှစ်ထားရှိသော (၂၇x၈၂)လမ်းထောင့်ရှိ ဆန်း ကဖေးလက်ဖက်ရည်ဆိုင်သို့ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းဆရာတော် ဦးဝီစိတ္တာဘိဝံသ(ခ)၀ီရသူ ဦးစီး သံဃာတော်များမှ သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိသဖြင့် ခရိုင်ရဲတပ်ဖွဲ့မှူး(မန္တလေး)ဦးစီးနှင့်အဖွဲ့၊ မြို့နယ် စီမံခန့်ခွဲရေးကော်မတီဝင်များ၊ မြို့နယ်ထောက်ကူပြုအဖွဲ့တို့ ပူးပေါင်း၍ စောင့်ကြည့်သတင်းရယူခဲ့ရာ ည(၇)နာရီခွဲတွင် အဆိုပါ လက်ဖက်ရည်ဆိုင်သို့ လာရောက် စားသောက်လေ့ရှိသူ နှင့် ဗလီတွင် ဥပုသ်ဝင်ရောက်ပြီး ဥပုသ်ဖြေသူ မွတ်ဆလင်လူမျိုး အချို့မှ ဆိုင်ပိတ်ထားသဖြင့် ဖွင့်ပေးရန် ပြောဆိုခဲ့၍ ၀ိုင်းဝန်းကြည့်ရှုသူများ နှင့် အင်အား(၁၀၀)ဦးခန့်ဖြစ်လာပြီး အစ္စလာမ်ဘာသာဝင် လူကြီးများမှ ပြဿနာမဖြစ်ပွားစေရန် ပြောဆိုပြီး ည(၈)နာရီခွဲက အနီးရှိ ဂျွန်းဗလီအတွင်းသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့သဖြင့် လူစုကွဲသွားခဲ့ရာ အခြေအနေမှာ အေးချမ်းတည်ငြိမ်လျက်ရှိပြီး မလိုလားအပ်သည့် ပြဿနာမဖြစ်ပွားစေရေးအတွက် အင်အား(၂၆+၂၅၅)ဦးအား အသင့်စုဖွဲ့ထားရှိပြီး ည(၈)နာရီ (၄၅)မိနစ် လုံ/နယ်ဝန်ကြီး မတရမှူး ဦးစီးတို့သည် အခင်းဖြစ်နေရာသို့ ရောက်ရှိကြပ်မတ်ကွပ်ကဲမှုများ ဆောင်ရွက်ခဲ့သည်။
          ည(၁၀)နာရီခွဲကက (၂၆x၈၂)လမ်းထောင့်မှစတင်၍ ၂၆လမ်းအတိုင်း အနောက် မှ အရှေ့သို့ ဆိုင်ကယ်(၃)စီးဖြင့် လူငယ်(၆)ဦးခန့်မှ ‘‘ ကမ္ဘာမကြေသီချင်း ’’ သီဆိုပြီး ဆိုင်ကယ်စီးနင်းသွားခဲ့သဖြင့် မြို့နယ်ရဲစခန်းမှူး(ချမ်းအေးသာစံ)ရဲမှူး အုန်းခင်နှင့် မြို့နယ် စီမံခန့်ခွဲရေးကော်မတီဝင်များမှ သတိပေးဆောင်ရွက်ရန်စီစဉ်နေစဉ် ထပ်မံ၍ လူငယ်(၂၀)ဦးခန့်မှ ကမ္ဘာမကြေသီချင်း အားသီဆို၍ ခြေလျင်လျှောက်လာနေကြောင်း သတင်းရရှိသဖြင့် (၂၆x၈၀)လမ်းထောင့်ရှိ မတရမှူး ဦးစီးအဖွဲ့မှလည်းကောင်း၊ (၂၆x၈၃)လမ်းကြားတွင် ဦးစီး(ပ)၊ ခရိုင်ရဲတပ်ဖွဲ့မှူး(မန္တလေး) မြို့နယ်ရဲတပ်ဖွဲ့မှူး(အောင်မြေသာစံ)မှ ရဲမှူး ကိုကိုလတ် ဦးစီးအဖွဲ့တို့မှ အခင်းဖြစ်နေရာသို့ သွားရောက်ထိန်းသိမ်းဆောင်ရွက်ခဲ့သည်။
          ည(၁၁)နာရီက (၂၆x၈၆)လမ်းထောင့်တွင် လူအင်အား(၃၀၀)ခန့်၊ သံဃာအင်အား(၃၀)ပါးခန့်တို့မှ အုတ်ခဲကျိုး၊ ပုလင်းခွံများ ကိုင်ဆောင်၍ လမ်းဘေးဝင်းထရံများအား ပစ်ပေါက်နေသဖြင့် ၂၆လမ်းပေါ်သို့ လူအင်အားမ၀င်ရောက်နိုင်ရေးအတွက် ဘယ်ရီဂိတ်များဖြင့် တားဆီးပိတ်ဆို့ခဲ့ပြီး အဆိုပါ လူအုပ်စုအား အဓိကရုဏ်ထိန်းသိမ်းရေးသုံး ၄၀ မမ ရော်ဘာကျည်(၃)ချက်ပစ်ဖောက် လူစုခွဲခဲ့ပြီး ည(၁၁)နာရီခွဲက (၂၆x၈၃)လမ်းထောင့်၌ လူအင်အား(၂၀၀)ကျော်ခန့်မှ မွတ်ဆလင်နေအိမ်များအား ခဲများဖြင့် ပစ်ပေါက်ခြင်း၊ မော်တော်ယာဉ်(၃)စီးတို့၏ ကားမှန်များအား ရိုက်ခွဲခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပြီး ဂဠုန်နီဆရာတော် နှင့် သံဃာတော်များ၊ မတရမှူး နှင့်အဖွဲ့တို့မှ လူအုပ်စုအား ဖြေလျော့ဆောင်ရွက်စေလွှတ်ခဲ့သည်။
          ဂျူလိုင်(၂)ရက် နံနက်(၂)နာရီတွင် (၂၄x၂၅)လမ်း၊ (၈၃x၈၄)လမ်းကြားတွင် သံဃာအပါး(၄၀)၊ လူအင်အား(၄၅၀)ဦးတို့သည် တုတ်၊ ဓားများ ကိုင်ဆောင်လျက် အော်ဟစ်ဆူပူနေသဖြင့် အခင်းဖြစ်နေရာသို့ မတရမှူး ဦးစီးအဖွဲ့ဖြင့် ဖြေလျော့ဆောင်ရွက်၍ လူစုကွဲသွားခဲ့ရာ၊ နံနက်(၂)နာရီ (၅၅)မိနစ်တွင် (၂၆)လမ်း၊ (၈၇x၈၈)လမ်းကြားတွင် ရပ်တန့်ထားသော Hilux ယာဉ်၏ ရှေ့ခန်းကူရှင်ထိုင်ခုံများ မီးလောင်နေသဖြင့် အသင့်ရှိသော မီးသတ်ယာဉ်ဖြင့် ရဲမှူး ကိုကိုလတ် နှင့်အဖွဲ့မှ ငြိမ်းသတ်ဆောင်ရွက်ခဲ့ရသည်။
          လူအုပ်စုများ ထပ်မံစုစည်းမှုမရှိစေရေး မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့ ((၆၇+၄၀၅)ဖြင့်လည်းကောင်း၊ ရကဖမှူး ဦးစီး (၂၁+၂၇၁)ဖြင့်လည်းကောင်း၊ လမ်း(၃၀) မှ (၂၆)လမ်းထိ နှင့် လမ်း(၈၀) မှ (၈၄)လမ်းထိ အင်အားဖြန့်ခွဲ၍ နယ်မြေစိုးမိုး လုံခြုံရေးဆောင်ရွက်လျက်ရှိရာ နံနက်(၃)နာရီ (၁၅)မိနစ်တွင် ဂဠုန်နီဆရာတော်နှင့်အဖွဲ့ ပြန်လည်ထွက်ခွာသွားခဲ့ပြီး မိမိလခရတပ်ဖွဲ့ဝင်များ ဆက်လက်တပ်ဖြန့်ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ရဲတပ်သားတစ်ဦး နှင့် အရပ်သား(၄)ဦး ခဲဖြင့် ပစ်ပေါက်ခြင်းခံခဲ့ပါတယ်’’ ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ မနေ့က ဖြစ်ခဲ့တဲ့ ပဋိပက္ခဖြစ်ပွားခဲ့မှု အမှုမှန်အတိုင်း နှစ်ဖက် ပြည်သူအားလုံး သိစေချင်လို့ ဖြစ်စဉ်ကို စာနယ်ဇင်း မီဒီယာသတင်းများကို ရှင်းလင်းခြင်းဖြစ်ကြောင်း ဒုရဲမှူးကြီး ဇော်မင်းဦးက ပြောခဲ့သည်။
          ဂျူလိုင်(၂)ရက် နံနက်(၈)နာရီခွဲအချိန်တွင် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၂၆လမ်း၊ ၈၃လမ်း နှင့် ၈၄လမ်းကြားတွင် ဗုံး ဟု ထင်မြင်ယူဆရသည့် မသင်္ကာဖွယ် တွေ့ရှိခဲ့၍ သက်ဆိုင်ရာမှာ လာရောက်စစ်ဆေးခဲ့ရာ ဂျပ်ဖာထဲမှာ ဒညင်းသီးအခွံများသာ တွေ့ရှိခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း နယ်မြေရဲစခန်းမှ သိရသည်။







No comments:

Post a Comment